ကျွန်တော်တို့အားလုံး အောင်မြင်မှုကို လိုလားတောင့်တကြပါတယ်။ အောင်မြင်မှုရဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းက ထိရောက်စွာ အလုပ်လုပ်ဖို့ပါပဲ။ လူတိုင်းမှာ တစ်ရက်ကို (၂၄)နာရီစီ ညီမျှစွာ ရရှိကြပါတယ်။ ဒီအချိန်ကို ကျွန်တော်တို့ ဘယ်လိုအသုံးချကြသလဲ ဆိုတာပေါ်မူတည်ပြီး ဘ၀တွေ ကွာခြားသွားကြပါတယ်။ အောင်မြင်ပျော်ရွှင်မှု ရဖို့ အဆင့်တွေကတော့-
(၁) ကျွန်တော်တို့ရဲ့ ဘ၀ဟာ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရင် အောင်မြင်တဲ့ ဘ၀ဖြစ်တယ် ဆိုတာကို တိကျစွာ စဉ်းစား သတ်မှတ်ထားရန်။
(၂) အဲဒီ ရည်မှန်းချက်ကို ရောက်ရှိဖို့ ဘယ်လိုအလုပ်တွေ လုပ်ရမယ်ဆိုတာ ဖော်ထုတ်ရေးသားရန်။
(၃) ဘယ်အချိန်မှာ ဘာတွေလုပ်ရမယ် ဆိုတာ တိကျစွာ အစီအစဉ် ရေးဆွဲထားရန်။
(၄) ရေးဆွဲသတ်မှတ်ထားသော အစီအစဉ်အတိုင်း လိုက်နာ လုပ်ဆောင်ရန်။
(၅) လုပ်ဆောင်ချက်ကို ပုံမှန် ပြန်လည် သုံးသပ်ရန် နှင့် လိုအပ်သလို လုပ်ငန်း အစီအစဉ် ပြန်လည်ရေးဆွဲရန် တို့ ဖြစ်ပါတယ်။
အဲဒီလို မိမိရဲ့ အချိန်တွေကို စီမံခန့်ခွဲဖို့ အထိရောက်ဆုံးနည်းလေးကတော့ Urgent-Important Matrix လို့ခေါ်တဲ့ အလျင်လိုမှု-အရေးကြီးမှု လေးကွက်ဇယား ကို အသုံးပြုခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ တစ်နေ့တာ လုပ်နေသမျှ အလုပ်တွေကို ပြန်လည်သုံးသပ်ကြည့်ရင် အလုပ်(၄)မျိုးပဲ ရှိတာကို တွေ့ရပါမယ်။
(၁) အလျင်လိုပြီး အရေးကြီးသော အလုပ်များ (ဥပမာ- မနက်ဖြန်စာမေးပွဲကြီး ဖြေရတော့မယ်၊ စာတွေက မရသေး၊ စာကျက်ရမည်)
(၂) အလျင်မလိုသော်လည်း အရေးကြီးသော အလုပ်များ (နောက်ဆုံးနှစ် စာမေးပွဲကြီး အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် နှစ်စမှ စတင်ကာ စာကျက်မှတ်ရန်)
(၃) အလျင်လိုပြီး အရေးမကြီးသော အလုပ်များ (ရုပ်ရှင်ကြည့်ရန် အချိန်ကျော်နေပြီ၊ မြန်မြန်သွားမှဖြစ်မည်)
(၄) အလျင်လည်းမလို၊ အရေးလည်း မကြီးသော အလုပ်များ (လဘက်ရည်ဆိုင်တွင် သူငယ်ချင်းများနှင့် အတင်းအဖျင်း ပြောခြင်း)။
ဒီနေရာမှာ အရေးကြီးသော အလုပ်များဆိုတာကတော့ မိမိရဲ့ ဘ၀ရည်မှန်းချက်များဆီသို့ ရောက်ရှိစေနိုင်သော အလုပ်များ ကို ဆိုလိုပါတယ်။ ကျွန်တော်တို့ရဲ့ အချိန် အများစုကို နံပါတ်(၂) လုပ်ငန်းတွေကို လုပ်ဖို့ အသုံးပြုပါ။ ဒါဆိုရင် နံပါတ်(၁)လိုအလုပ်တွေ အတော်နည်းသွားပါလိမ့်မယ်။ ဘ၀ဟာ သက်တောင့်သက်သာ ရှိပါလိမ့်မယ်။ နံပါတ်(၃)နဲ့ နံပါတ်(၄) အလုပ်တွေကို အတတ်နိုင်ဆုံး လျှော့ချပါ။ ကျွန်တော်တို့ဟာ အောင်မြင်ခြင်း နှင့် ပျော်ရွှင်ခြင်း တို့ကို အေးဆေးသက်သာစွာဖြင့် ဆထက်ထမ်းပိုး တိုးပြီး ရရှိလာပါလိမ့်မယ်။
No comments:
Post a Comment