Thursday, April 14, 2011

ရေတံခွန်

နစ်နာဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ခြင်း

မိမိ နဲ့ မိသားစု ရဲ့ ဘ၀ကဏ္ဍမျိုးစုံမှာ နစ်နာမှု၊ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် ကြိုတင်စဉ်းစား ကာကွယ် လုပ်ဆောင်ထားသင့်ပါတယ်။ ဘယ်လိုကဏ္ဍတွေလည်း ဆိုရင်-
(၁) ငွေကြေး
(၂) ပစ္စည်းဥစ္စာ
(၃) ဂုဏ်သိက္ခာ
(၄) ကျန်းမာရေး
(၅) ပညာရေး
(၆) အလုပ်အကိုင်
(၇) လူမှုရေး
(၈) အိမ်ထောင်ရေး တို့ဖြစ်ပါတယ်။

နစ်နာဆုံးရှုံးမှု ဖြစ်စေနိုင်သော အကြောင်းများ
(၁) လူပုဂ္ဂိုလ်များ (Man) (သူခိုး၊ ဓားပြ၊ လူလိမ်၊ မိမိအားမုန်းသူ၊ ရန်သူ၊ ပြိုင်ဖက်၊ မင်းစိုးရာဇာ၊ သူရူး၊ အခြား)
(၂) သဘာဝဘေးအန္တရာယ်များ (Disasters)(ရေ၊ မိုးခေါင်ရေရှားခြင်း၊ မီး၊ မုန်တိုင်း၊ ငလျင်၊ မြေပြိုခြင်း၊ သစ်ပင်စသည် ပြိုလဲကျခြင်း)
(၃) လူလုပ်ဘေးအန္တရာယ်များ (Accidents & Wars) (လျှပ်စစ်၊ မီး၊ ပြိုလဲကျခြင်း၊ ပေါက်ကွဲခြင်း၊ စစ်မက် စသည်)
(၄) ရောဂါဘယ၊ ကပ်ရောဂါ၊ ကူးစက်ရောဂါ (Diseases)
(၅) ငတ်မွတ်ခြင်းကပ် (Starvation)
(၆) စီးပွားပျက်ကပ် (Economic Crises) (စီးပွားရေးလုပ်ငန်းရှင်/မင်း တို့မှ စီးပွားရေး ကစားခြင်း၊ ပိတ်ဆို့ခြင်း၊ တားဆီးခြင်း စသည်၊ ငွေကြေး တရားမ၀င် ကြေငြာခြင်း)

(ကျွန်တော်တို့ ကြားဖူးနေကျ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျဿနတရားငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းလျက်)

ဥပမာအားဖြင့် ငွေကြေးဆုံးရှုံးမှုတွေ မဖြစ်ရလေအောင်-
(၁) မီးခံသေတ္တာသုံးခြင်း၊ လုံခြုံစွာ သိမ်းဆည်းခြင်း
(၂) စိတ်ချရမည့်ဘဏ်တွင်အပ်နှံခြင်း
(၃) ရွှေဝယ်ထားခြင်း
(၄) အထောက်အထား၊ စာချုပ်စာတမ်း ခိုင်မာစွာ ထားရှိခြင်း
(၅) လောင်းကစား မပြုလုပ်ခြင်း
(၆) တစ်နေရာထဲတွင် ပုံအောမထားပဲ နေရာဖြန့်ခွဲ ထားရှိခြင်း (တစ်နေရာတွင် ဆုံးရှုံးလျင် ကျန်သောနေရာများတွင် ကျန်နေသေးသည်)
(၇) အာမခံ ထားရှိခြင်း
(၈) ယုံကြည်စိတ်ချရသူကိုသာ လွှဲအပ်ခြင်း
စသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။

ငွေကြေးဆိုင်ရာ ဥပဒေသများ

ငွေကြေးနဲ့ ပါတ်သက်ပြီး သိရှိ၊ လိုက်နာသင့်တဲ့ ဥပဒေသလေးတွေကို ဖော်ပြလိုပါတယ်။
(၁) ရရှိလာတဲ့ ၀င်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို စုဆောင်းသွားပါ။
(၂) သင့်လျော်တဲ့ ငွေကြေးပမာဏတစ်ခုကို စုဆောင်းမိပြီဆိုရင် လုပ်ငန်းမှာ ပြန်လည်ရင်းနှီးမြှုပ်နှံပြီး တိုးပွားအောင်လုပ်ပါ။
(၃) လုပ်ငန်းလုပ်ကိုင်ရာမှာ သက်ဆိုင်ရာလုပ်ငန်းမှာ ကျွမ်းကျင်သူထံမှသာ အကြံဥာဏ်ရယူ လုပ်ကိုင်ပါ။
(၄) မရေရာတဲ့လုပ်ငန်းမှာ မတော်လောဘနဲ့ မသင့်မလျော် ငွေကြေးပုံအော စွန့်စားမှု မလုပ်ပါနဲ့။ အကျိုးအမြတ်နည်းချင်နည်းပါစေ၊ ပုံမှန်အမြတ်အစွန်းရဖို့ သေချာတဲ့ လုပ်ငန်းမှာသာ ငွေကြေးကို ရင်းနှီးပါ။
(၅) လောင်းကစား လုံးဝ မလုပ်ပါနဲ့။
(၆) ငွေကြေးဖြုန်းတီးမှု မလုပ်ပါနဲ့။ သင့်လျော်စွာ သုံးစွဲခြင်းသာ ပြုပါ။

စုဆောင်းခြင်း

ကျွန်တော်တို့ ရရှိလာတဲ့အရာတွေကို စုဆောင်းထားခြင်းဖြင့် အရေအတွက်/ပမာဏ တိုးပွား များပြားလာစေနိုင်ပါတယ်။

ဘယ်လိုအရာတွေကို စုဆောင်းနိုင်သလဲ-
(၁) ငွေကြေး
(၂) မိတ်ဆွေများ
(၃) အထွေထွေဗဟုသုတ
(၄) နည်းပညာ
(၅) အကျင့်ကောင်းများ
(၆) ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်။

မစုဆောင်းသင့်သော အရာများ-
(၁) ရန်သူများ
(၂) ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးစေသော အကျင့်ဆိုးများ
(၃) အကုသိုလ်များ။

မိမိမှာ ကောင်းမွန်သော အရင်းအမြစ်များကို စုဆောင်းမိထားခြင်းဖြင့် ဗလငါးတန်နဲ့ ပြည့်စုံသော ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်လာမှာ မလွဲပါဘူး။

လေးကွက်ဇယား ဖြင့် အချိန်ကို စီမံခန့်ခွဲခြင်း

ကျွန်တော်တို့အားလုံး အောင်မြင်မှုကို လိုလားတောင့်တကြပါတယ်။ အောင်မြင်မှုရဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းက ထိရောက်စွာ အလုပ်လုပ်ဖို့ပါပဲ။ လူတိုင်းမှာ တစ်ရက်ကို (၂၄)နာရီစီ ညီမျှစွာ ရရှိကြပါတယ်။ ဒီအချိန်ကို ကျွန်တော်တို့ ဘယ်လိုအသုံးချကြသလဲ ဆိုတာပေါ်မူတည်ပြီး ဘ၀တွေ ကွာခြားသွားကြပါတယ်။ အောင်မြင်ပျော်ရွှင်မှု ရဖို့ အဆင့်တွေကတော့-
(၁) ကျွန်တော်တို့ရဲ့ ဘ၀ဟာ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရင် အောင်မြင်တဲ့ ဘ၀ဖြစ်တယ် ဆိုတာကို တိကျစွာ စဉ်းစား သတ်မှတ်ထားရန်။
(၂) အဲဒီ ရည်မှန်းချက်ကို ရောက်ရှိဖို့ ဘယ်လိုအလုပ်တွေ လုပ်ရမယ်ဆိုတာ ဖော်ထုတ်ရေးသားရန်။
(၃) ဘယ်အချိန်မှာ ဘာတွေလုပ်ရမယ် ဆိုတာ တိကျစွာ အစီအစဉ် ရေးဆွဲထားရန်။
(၄) ရေးဆွဲသတ်မှတ်ထားသော အစီအစဉ်အတိုင်း လိုက်နာ လုပ်ဆောင်ရန်။
(၅) လုပ်ဆောင်ချက်ကို ပုံမှန် ပြန်လည် သုံးသပ်ရန် နှင့် လိုအပ်သလို လုပ်ငန်း အစီအစဉ် ပြန်လည်ရေးဆွဲရန် တို့ ဖြစ်ပါတယ်။

အဲဒီလို မိမိရဲ့ အချိန်တွေကို စီမံခန့်ခွဲဖို့ အထိရောက်ဆုံးနည်းလေးကတော့ Urgent-Important Matrix လို့ခေါ်တဲ့ အလျင်လိုမှု-အရေးကြီးမှု လေးကွက်ဇယား ကို အသုံးပြုခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ တစ်နေ့တာ လုပ်နေသမျှ အလုပ်တွေကို ပြန်လည်သုံးသပ်ကြည့်ရင် အလုပ်(၄)မျိုးပဲ ရှိတာကို တွေ့ရပါမယ်။
(၁) အလျင်လိုပြီး အရေးကြီးသော အလုပ်များ (ဥပမာ- မနက်ဖြန်စာမေးပွဲကြီး ဖြေရတော့မယ်၊ စာတွေက မရသေး၊ စာကျက်ရမည်)
(၂) အလျင်မလိုသော်လည်း အရေးကြီးသော အလုပ်များ (နောက်ဆုံးနှစ် စာမေးပွဲကြီး အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် နှစ်စမှ စတင်ကာ စာကျက်မှတ်ရန်)
(၃) အလျင်လိုပြီး အရေးမကြီးသော အလုပ်များ (ရုပ်ရှင်ကြည့်ရန် အချိန်ကျော်နေပြီ၊ မြန်မြန်သွားမှဖြစ်မည်)
(၄) အလျင်လည်းမလို၊ အရေးလည်း မကြီးသော အလုပ်များ (လဘက်ရည်ဆိုင်တွင် သူငယ်ချင်းများနှင့် အတင်းအဖျင်း ပြောခြင်း)။

ဒီနေရာမှာ အရေးကြီးသော အလုပ်များဆိုတာကတော့ မိမိရဲ့ ဘ၀ရည်မှန်းချက်များဆီသို့ ရောက်ရှိစေနိုင်သော အလုပ်များ ကို ဆိုလိုပါတယ်။ ကျွန်တော်တို့ရဲ့ အချိန် အများစုကို နံပါတ်(၂) လုပ်ငန်းတွေကို လုပ်ဖို့ အသုံးပြုပါ။ ဒါဆိုရင် နံပါတ်(၁)လိုအလုပ်တွေ အတော်နည်းသွားပါလိမ့်မယ်။ ဘ၀ဟာ သက်တောင့်သက်သာ ရှိပါလိမ့်မယ်။ နံပါတ်(၃)နဲ့ နံပါတ်(၄) အလုပ်တွေကို အတတ်နိုင်ဆုံး လျှော့ချပါ။ ကျွန်တော်တို့ဟာ အောင်မြင်ခြင်း နှင့် ပျော်ရွှင်ခြင်း တို့ကို အေးဆေးသက်သာစွာဖြင့် ဆထက်ထမ်းပိုး တိုးပြီး ရရှိလာပါလိမ့်မယ်။

ကျန်းမာကြံ့ခိုင်ခြင်း ဖြင့် အောင်မြင် ပျော်ရွှင် ချမ်းသာခြင်းဆီသို့

အောင်မြင် ပျော်ရွှင် ချမ်းသာတဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာက ကျန်းမာ ကြံ့ခိုင်ပြီး အင်အားပြည့်ဝနေဖို့ လိုပါတယ်။ ကျန်းမာ ကြံ့ခိုင်နေရင်-
(၁) အလုပ်ကို အင်အားပြည့် လုပ်နိုင်မယ်။ လုပ်ချင်တာလေးတွေ လုပ်နိုင်မယ်။
(၂) ကျွန်တော်တို့ သွားလိုရာ သွားနိုင်မယ်။
(၃) ရုပ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ချမ်းသာစွာ ခံစားနိုင်မယ်။ စားချင်တာလေးတွေ စားနိုင်မယ်။ ကြည့်ချင်တာလေးတွေ ကြည့်နိုင်မယ်။ နားဆင်လိုတာတွေကို နားဆင်နိုင်မယ်။
(၄) မကျန်းမာခြင်း၊ အလုပ်မလုပ်နိုင်ခြင်း တို့ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေး လူမှုရေးဆိုင်ရာ ပြဿနာတွေကို ရှောင်ရှားပြီး ဖြစ်ပါမယ်။
(၅) မိမိရဲ့ မိသားစု၊ မိတ်ဆွေ အသိုင်းအ၀ိုင်းများအတွက်လည်း လိုအပ်ချက်လေးတွေ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

ကျန်းမာကြံ့ခိုင်ဖို့အတွက် စဉ်းစားဖို့အပိုင်းလေးတွေကတော့-
(၁) အစားအသောက်
(၂) အနေအထိုင်
(၃) အနားယူမှု
(၄) ကျန်းမာရေးကို ထိခိုက်စေသော အကျင့်စရိုက်များကို ရှောင်ရှားမှု
(၅) လေ့ကျင့်ခန်း
(၆) ဆေးဝါး

တို့ ဖြစ်ပါတယ်။

ဘ၀၏ ချမ်းသာကြွယ်ဝမှု ငါးပါး

အောက်ပါ ဗလ ငါးတန် နဲ့ ပြည့်စုံသူကို ချမ်းသာကြွယ်ဝတဲ့ ဘ၀ကို ပိုင်ဆိုင်သူလို့ ဆိုနိုင်ပါတယ်။
(၁) ကာယဗလ (ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်ခြင်း)
(၂) ဥာဏဗလ (စဉ်းစား ဆင်ခြင်ဥာဏ်နှင့် ပြည့်စုံခြင်း၊ ပညာတတ်မြောက်ခြင်း)
(၃) စာရိတ္တဗလ (အကျင့်စာရိတ္တကောင်းမွန်ခြင်း)
(၄) ဘောဂဗလ (ငွေကြေး ဥစ္စာ တောင့်တင်းပြည့်စုံခြင်း)
(၅) မိတ္တဗလ (မိတ်ဆွေ သင်္ဂဟများ ပေါများခြင်း)။